.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, April 22, 2011

မြန်မာနိုင်ငံဧ။်ပထမဆုံးသောပါမောက္ခ

ဦးဖေမောင်တင်

ဦးဖေမောင်တင်
ဦးဖေမောင်တင်
မွေးသက္ကရာဇ် ၁၈၈၈-ခုနှစ် ၊ဧပြီ(၂၄)ရက် အင်္ဂါနေ့
နိုင်ငံ မြန်မာ
အမည်ရင်း မောင်ဘတင်
မိဘအမည် ဦးဖေ(အင်းစိန် တိမွေးကု-ဌာန ရုံးအုပ်စာရေးကြီး) + ဒေါ်မြိုင်
မွေးဖွားရာ ဒေသ အင်းစိန်မြို့ ပေါက်တောရပ်
ထင်ရှားကျော်ကြားမှု ပထမဆုံး ပါမောက္ခ



ဦးဖေမောင်တင် (၁၈၈၈-၁၉၇၃)

ဦးဖေမောင်တင်သည် ကိုလိုနီ ခေတ်တွင် မြန်မာ စာပေကို အထင်အမြင် သေးကြသော တက္ကသိုလ် အာဏာပိုင် တို့အား အတိုက်အခံ ပြု၍ မြန်မာ စာပေကို တက္ကသိုလ်တွင် အဆင့်မီမီ သင်ကြားနိုင်သည့် အခြေအနေသို့ ရောက်အောင် အားထုတ် ကြိုးပမ်း ခဲ့သော ဆရာကြီးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ပါမောက္ခလည်း ဖြစ်သည်။
ဦးဖေမောင်တင်သည် အင်းစိန်မြို့ ပေါက်တောရပ် ဇာတိ ဖြစ်၍ ၁၂၅၀ ပြည့်နှစ် ကဆုန်လပြည့် ၁၈၈၈-ခုနှစ် ၊ဧပြီ(၂၄)ရက် အင်္ဂါနေ့ ညနေ ၅ နာရီခွဲ အချိန်တွင်
အဖဦးဖေ(အင်းစိန် တိမွေးကု-ဌာန ရုံးအုပ်စာရေးကြီး)နှင့် အမိဒေါ်မြိုင် တို့က မွေးဖွားခဲ့သည်။ မွေးချင်း(၆)ယောက်တွင်ပဉ္စမမြောက်သား ဖြစ်သည်။ ငယ်မည်မှာ မောင်ဘတင် ဖြစ်ပြီး အစ်ကို ဖြစ်သူ မောင်ဘရင် ကွယ်လွန် သွားပြီးနောက် မောင်တင်ဟု အမည် ပြောင်းသည်။
ဦးဖေမောင်တင် ရုပ်တု

ငယ်ဘဝ

ဆရာကြီးသည် အင်းစိန် မြန်မာ စာသင်ကျောင်း၌ စတင် ပညာ ဆည်းပူး ပြီးနောက် ၈ နှစ်သားတွင် ရန်ကုန် အစိုးရ ဟိုက်စကူး ကျောင်းသို့ ပြောင်းရွှေ့ ပညာ ဆည်းပူးသည်။ ၇ တန်း စာမေးပွဲတွင် မြန်မာ တနိုင်ငံလုံး၌ ပထမ ရ၍ စကောလားရှစ်ဆု ရသည်။ တဖန် ၁၉၀၅ ခုနှစ်တွင် ၉ တန်း စာမေးပွဲ၌ ပထမရ၍ ရနောင်း ဘုရင်ခံ ချီးမြှင့်သော ရနောင်းဆု ရသည်။ ဆုအဖြစ် ဆုငွေ-၄၀ကျပ်နှင့် စာအုပ်များရသည်။
၁၉၀၆ - ရန်ကုန် ကောလိပ်တွင် ဆက်လက် ပညာ ဆည်းပူးရာ ဥပစာတန်းတွင် ပထမ ရသည့် အတွက် တရားမင်းကြီးချုပ် ဆာဂျွန် ဂျာဒင်း ချီးမြှင့်သော ဂျာဒင်းဆု ရသည်။ S.P.C.A အသင်းမှ ကျင်းပသည့် အင်္ဂလိပ်စာစီစာကုံး ပြိုင်ပွဲတွင် တက္ကသိုလ်အဆင့်၌ ပထမရဆုရ၍ ငွေ-၂၅ကျပ်ရရှိသည်။
၁၉၀၇ - ဥပစာဒုတိယနှစ် စာမေးပွဲတွင် ပထမရ၍ ဂျာဒင်းဆုချီးမြှင့်ခံရပြီး (တစ်လလျှင်-၁၆ကျပ်) ရရှိသည်။ ခရစ်ယာန် ကျောင်းသားများအားချီးမြှင့်သော ကာလကတ္တားတက္ကသိုလ်၏ ဒတ်စကောလားရှစ် ဆုလည်းရရှိသည်၊(တစ်လ ၁၅ကျပ်)ရရှိသည်။
၁၉၀၈ - ပါဠိပါမောက္ခ ချားလ်ဒူရွိုင်ဇယ်၏ တိုက်တွန်းမှုဖြင့် ဘီအေပါဠိဂုဏ်ထူးတန်းကို ဆက်တက်ခဲ့သည်။
၁၉၀၉ - ဘီအေပါဠိဂုဏ်ထူးတန်းအောင်မြင်၍ ၀ိဇ္ဇာဘွဲ့ရရှိခဲ့သည်။
၁၉၁၀ - ကာလကတ္တား တက္ကသိုလ်စာမေးပွဲဝင်ရန် စာကျက်နေစဉ် စိန်ပေါလ်ကျောင်း၏ မေတ္တာရပ်ခံချက်အရ ၈တန်း၊ ၉တန်း ကျောင်းသားများအား ပါဠိဘာသာသင်ပေးရသည်။ လစာအနေဖြင့်(၈၀ကျပ်)ရရှိသည်။
၁၉၁၁ - မတ်လတွင် ကာလကတ္တား တက္ကသိုလ် မဟာဝိဇ္ဖာစာမေးပွဲ ပါဠိဖြင့် အောင်မြင်ခဲ့သည်။ ဇွန်လထုတ် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အတွဲ(၁)အမှတ်(၁)တွင် ခရစ်ယာန်သာသနာပြု မြန်မာစာဆောင်းပါးကို မောင်တင်(ဘီအေ) ကလောင်အမည်ဖြင့် စတင်တွေ့ရသည်။
၁၉၁၁ - ၁၂ - ၁၉၁၁အောက်တိုဘာ (၁)ရက်မှ ၁၉၁၂ ဇူလိုင်(၂၃)ထိ ရန်ကုန်ဟိုက်စကူးကျောင်း၌ အထက်တန်းပြဆရာလုပ်သည်။လစာငွေ(၁၅၀ကျပ်)ရရှိသည်။
၁၉၁၂ - ဇူလိုင် ၂၄တွင် ရန်ကုန်တက္ကသိုလ်၌ ပါဠိပါမောက္ခ ရာထူးခန့်အပ်ခံရသည်။ (မြန်မာအမျိုးသားထဲမှ ပါမောက္ခ ရာထူး ပထမဆုံးရရှိခြင်းဖြစ်သည်။ ပဋိဥာဉ်ခံဝန်ထမ်းလစာ-၃၀၀-၅၀၀-ကျပ်)။ ထိုစဉ်က အသက်(၂၄)နှစ်သာရှိသေးသည်။ ရာထူးအရ ဘားနဒ်အခလွတ် စာကြည့်တိုက်မှူးတာဝန်၊ မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ် အယ်ဒီတာတာဝန်များယူရသည်။ ထိုအချိန်မှစ၍ လန်ဒန် ပါဠိစာပေအသင်းအတွက် စာမူရှာဖွေရေး တာဝန်ကိုပါ ထမ်းဆောင်ခဲ့သည် (ကွယ်လွန်ချိန်ထိ)။ မြန်မာပြည်၏ တရားဝင်ကိုယ်စားလှယ် တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။ ဘီအေတန်းအတွက် ပြဌာန်းသော (ဒီပ၀ံသမှတ်စု)ကို ရေးသားသည်။
၁၉၁၃ - မြန်မာနိုင်ငံ သုတေသနအသင်းတွင် ရာသက်ပန်အသင်းသား အဖြစ်ဝင်ရောက်ပြီး ငွေထိန်းတာဝန်ယူရသည်။
၁၉၁၄ - A Pali Primer (အခြေပြုပါဠိသဒ္ဒါ)ကို အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေခဲ့သည်။ ဘီအေတန်းအတွက် ပြဌာန်းသော (ဓမ္မပဒ)ကို ရောမအက္ခရာဖလှယ်၍ တည်းဖြတ်ထုတ်ဝေခဲ့သည်။
၁၉၁၅ - ကာလကတ္တား တက္ကသိုလ်-ဘီအေတန်း စာမေးပွဲအတွက် Millinda Panha ကိုပြုစုထုတ်ဝေခဲ့သည်။ ဘီအေတန်းအတွက် ပြဌာန်းသော (ခုဒ္ဒကပါဌ)ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ခဲ့သည်။ မြန်မာနိုင်ငံ သုတေသနအသင်း အကျိုးဆောင် အတွင်းရေးမှုး ဖြစ်သည်။
၁၉၁၆ - ဇူလိုင်(၅)ရက်တွင် ဖွဲ့စည်းသော မြန်မာစာညွန့်ပေါင်းကျမ်း ပြုစုရေး အကြံပေးဘုတ်အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သည်။
၁၉၁၈ - A pali Reader (ပါဠိဖတ်စာ)ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုထုတ်ဝေသည်။
၁၉၂၀ - The Student‘s Pali-English Diclionary (ကျောင်းသားကိုင် ပါဠိ-အင်္ဂလိပ်အဘိဓာန်)ကို အင်္ဂလိပ် ဘာသာဖြင့် ပြုစုထုတ်ဝေခဲ့သည်။ စက်တင်ဘာ(၄)ရက်တွင် အင်္ဂလန်သို့ ပညာတော်သင်ထွက်ခွာခဲ့သည်။ အောက်စဖို့တက္ကသိုလ် အက်ဇီတာကောလိပ်၌ ပညာသင်ကြားခဲ့သည်။ (အမည်တူရှိနေ၍ အမည်ရှေ့တွင် ဖခင်အမည်မှ 'ဖေ'ကိုယူ၍ 'ဖေမောင် တင်'ဟုပြောင်းလဲခဲ့သည်။ အဌသာလိနီ(ပ-တွဲ)အင်္ဂလိပ်ဘာသာပြန်-လန်ဒန်ပါဠိအသင်းမှ ထုတ်ဝေခဲ့သည်။
၁၉၂၁ - အဌသာလိနီ(ဒု-တွဲ) အင်္ဂလိပ်ဘာသာပြန် လန်ဒန်ပါဠိအသင်းမှ ထုတ်ဝေသည်။
၁၉၂၂ - အောက်စဖို့ဒ် တက္ကသိုလ်မှ စာပေ၀ိဇ္ဇာ(ဘီလစ်)ဘွဲ့ရရှိသည်။
၁၉၂၃ - အောက်စဖို့ဒ်၌ အင်္ဂလိပ်စာပေသမိုင်းလေ့လာခဲ့သည်။ ဒေါက်တာဘလက်ဒင်၏ ရှေးဟောင်းမွန်ကျောက်စာ သင်တန်းတက်ပြီး အင်းနားတင်ပယ် ဥပဒေကျောင်းတွင် ဆက်ပညာဆည်းပူးခဲ့သည်။ မှန်နန်းရာဇ၀င်တော်ကြီး (အတွဲ-၃၊၄၊၅-ပုဂံခေတ်ပိုင်း)ကို ပါမောက္ခ ဂျီအိပ်ခ်ျလုစ် နှင့်တွဲဖက်၍ အင်္ဂလိပ်ဘာသာပြန်ခဲ့သည်။ လန်ဒန်အောက်စဖိုဒ့်တက္ကသိုလ် ပုံနှိပ် တိုက်ကထုတ်ဝေသည်။ ၀ိသုဒ္ဓိမက်(ပထမပိုင်း) အင်္ဂလိပ်ဘာသာ-လန်ဒန်ပါဠိအသင်းမှ ထုတ်ဝေသည်။
၁၉၂၄ - လန်ဒန်ရှိ-မြန်မာအသင်းဥက္ကဌရာထူးကို မြန်မာပြည် ဘုရင်ခံဟောင်း ဆာဟာဗီအဒန်ဆင်နှင့် ယှဉ်ပြိုင် အရွေးခံခဲ့သည်။ အနိုင်ရရှိခဲ့သည် (ဥက္ကဌဖြစ်ပြီး ဇူလိုင်လအတွင်း မြန်မာပြည်ပြန်ရန်-မြန်မာပြည်အစိုးရ၏ အမိန့်ချမှတ်ခြင်းခံရ)။ သြဂုတ်(၁၃)ရန်ကုန်ကို ပြန်လည် ရောက်ရှိသည်။ စက်တင်ဘာ(၁)တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်း ဘာသာရပ်ဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ စက်တင်ဘာ(၂၇)တွင် မြန်မာနိုင်ငံ သုတေသနအသင်း၏ စာအုပ်ထုတ်ဝေရေး ဆပ်ကော်မတီတွင် စာတည်းချုပ်လုပ်သည်။ (၁၉၄၁-တိုင်အောင် အသင်းအတွက် စာအုပ် (၄၆)မျိုး တည်းဖြတ်ထုတ်ဝေခဲ့သည်။) ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာသင်ကြားမှုစနစ် ချဲ့ထွင်ရန် ဆီးနိတ်အဖွဲ့သို့ အရေးဆို၊ ဆီးနိတ်မှ ကျောင်းသားတိုင်း မြန်မာစာတန်းနိမ့်ကို မသင်မနေရ ဘာသာအဖြစ် ဥပဒေပြဌာန်းပေးရသည်။
၁၉၂၅ - မြန်မာသဒ္ဒဗေဒဖတ်စာ-အင်္ဂလိပ်လို စာအုပ်(သဒ္ဒဗေဒပါမောက္ခ-မစ္စစ်အီးအမ်ထရောင်းနှင့် တွဲဖက်)ပြုစု-လန်ဒန်တွင် ပုံနှိပ်ထုတ်ဝေသည်။ ရန်ုကုန်တက္ကသိုလ် မြန်မာစာဝိဇ္ဖာဂုဏ်ထူးတန်းကို ဦးဆောင် ဖွင့်လှစ်ခဲ့သည်။ သုတေသန အသင်း စာတည်းနှင့် စာကြည့်တိုက်မှူးတာဝန်ကို ပါမောက္ခလုစ်နှင့် တွဲတာဝန်ယူသည်။ ဒေ၀ကုမ္ဘာန် ပြဇာတ်ကို (ပုဂံဝန်ထောက် ဦးတင်နှင့်တွဲ၍) တည်းဖြတ်ထုတ်ဝေခဲ့သည်။
၁၉၂၇ - ၂၈ - မြန်မာစာ မဟာဝိဇ္ဖာဂုဏ်ထူးတန်းကို ဦးဆောင်ဖွင့်လှစ်ခဲ့သည်။
၁၉၂၇ - ၃၉ - သူငယ်တန်းမှ ပဉ္စမတန်းအထိ မြန်မာစာဖတ်စာများကို ပြုစုထုတ်ဝေသည်။
၁၉၂၈ - ဒေါက်တာ ဂျွန်၊ ဆစ်ဒင်ဟမ်၊ ဖာနီဗယ် ဦးဆောင်သော မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းတည်ထောင်ရာတွင်ပါဝင်ခဲ့သည်။ ဇွန်လ(၉)ရက်တွင် သာယာဝတီမြို့၊ အင်္ဂလီကန်ဘုရားရှိခိုးကျောင်း၌ ဘိလပ်ပြန်ဝတ်လုံတော်ရ ဦးဖိုးဒန်၊ ဒေါ်မြ ကြီးတို့၏သမီး ကြည်ကြည်(Edith)နှင့်လက်ထပ်ခဲ့သည်။ အနုမြူ-မြန်မာပြန်စာအုပ်ထုတ်ဝေခဲ့သည်။ ပုဂံကျောက်စာညွန့်ပေါင်းကို ပါမောက္ခလှစ်နှင့် တွဲ၍ ပြုစုထုတ်ဝေသည်။
၁၉၂၉ - အနုမြူဒီပနီကိုထုတ်ဝေသည်။ The Path of Purity(Part-2)ကို လန်ဒန်ပါဠိအသင်းက ထုတ်ဝေသည်။ မူလတန်းများ အတွက် မြန်မာကြည့်စာ-၃-တွဲကို (ပညာမင်းကြီး ဦးချိုနှင့် တွဲဖက်) ပြုစုထုတ်ဝေသည်။ ဖါနီဗယ်-အင်္ဂလန်ပြန် သွားစဉ် ဂန္တလောက မဂ္ဂဇင်းကြီးကြပ်တည်းဖြတ် (သူကြီးဂေဇက် ဦးခင်မောင်နှင့်အတူဆောင်ရွက်)သည်။ ဖေဖေါ်ဝါရီလတွင် မြန်မာနိုင်ငံ အုပ်ချုပ်ရေး အသစ်အတွက် ရောက်ရှိလာသော ဆိုင်မွန်ကေါ်မရှင်သို့ တက္ကသိုလ် ကောလိပ်များ တွင် ဘာသာရပ်များကို မြန်မာဘာသာဖြင့် သင်ကြားသင့်ကြောင်း အကြံပေးစာတမ်းတင်သွင်းသည်။
၁၉၃၀ - ရန်ကုန်တက္ကသိုလ်နှင့် စပ်လျဉ်းသော အင်္ဂလိပ်ဘာသာစကား အခေါ်အဝေါ်များကို မြန်မာပညာရှိများ နှင့် ညှိနှိုင်း၍ ဦးဆောင်မြန်မာပြန်ခဲ့သည်။ မြန်မာသုတေသနအသင်း ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။
၁၉၃၁ - ပါဠိဖတ်စာကို မြန်မာဘာသာဖြင့် ပြုစုထုတ်ဝေခဲ့သည်။ The path of Purity(Part-3)ကို လန်ဒန်ပါဠိ အသင်းက ထုတ်ဝေသည်။ ၀ိသုဒ္ဓိမဂ္ဂဇင်းကျမ်းကို အင်္ဂလိပ်ဘာသာပြန်ဆိုသည့်အတွက် ယိုးဒယား(ထိုင်း)ဘုရင်က ပေါင် ၁၀၀၀-ဆုချီး မြှင့်သည်။ ဆုငွေအားလုံးကို လန်ဒန်ပါဠိအသင်းသို့ လှူဒါန်းခဲ့သည်။(၁၉၄၁-တွင် လန်ဒန်ပါဠိအသင်းက ၃-တွဲ ပေါင်း၍ထပ်မံပုံနှိပ်။)
၁၉၃၃ - ၃၇ - မြန်မာနိုင်ငံသုတေသန အသင်း ဂျာနယ်စာတည်း တာဝန်ကို ထမ်းဆောင်ခဲ့သည်။
၁၉၃၃ - ၆၅ - ထိုင်းဘုရင်မြန်မာကျောက်စာများ(၅-တွဲ)ကို ပါမောက္ခလုစ်နှင့် တွဲဖက် တည်းဖြတ်ထုတ်ဝေသည်။
၁၉၃၄ - မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်း၏ ဥက္ကဌနှင့် ငွေထိန်းတာဝန်ပေးအပ်ခြင်း ခံရသည်။ ခေတ်စမ်းပုံပြင်များကို တည်းဖြတ်ထုတ်ဝေသည်။ (ခေတ်စမ်းစာပေ၏အစဖြစ်သည်) ရှင်မဟာသီလဝံသရာဇ၀င်ကျော်နှင့် ဦးကြင်ဥပဒေသာသီချင်းကို တည်းဖြတ်ထုတ်ဝေသည်။
၁၉၃၅ - ပထ၀ီဝင်ဝေါဟာရများကို ဦးဘလွင်၊ ပါမောက္ခဘီစလေ တို့နှင့်တွဲဖက်ပြုစုထုတ်ဝေသည်။ အခြေပြု ပါဠိသဒ္ဒါဗြိတိသျှဘားမား ပုံနှိပ်တိုက်က ထုတ်ဝေသည်။
၁၉၃၇ - ဇွန်(၁၉)တွင် ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံရသည်။ အထက်တန်းမြန်မာစကားပြေ ကောက်နှုတ်ချက်များ(ပ-တွဲ)ကို ရွေးချယ်ထုတ်ဝေသည်။
၁၉၃၇ - ၄၀ - မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း၏ အထွေထွေစာတည်းလုပ်သည်။
၁၉၃၈ - မြန်မာစာပေသမိုင်းဇမ္ဗူ့မိတ်ဆွေပိဋကတ် ပုံနှိပ်တိုက်ကထုတ်ဝေ(ပ့အကြိမ်)၊ အထက်တန်းမြန်မာ ကဗျာ ကောက်နှုတ်ချက်များ ရွေးချယ်ထုတ်ဝေသည်။
၁၉၃၈ - ၃၉ - မြန်မာနိုင်ငံသုတေသနအသင်း ဥက္ကဌ ဖြစ်သည်။
၁၉၄၀-၄၁ -မြန်မာနိုင်ငံသုတေသနအသင်း ဥက္ကဌ ဖြစ်သည်။
၁၉၄၂ - ဖေဖော်ဝါရီ(၁၃)တွင် ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးရုံးခန်း မန္တလေးမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်သည်။ မေ လတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) စစ်ရန်ပုံငွေအတွက်-၃၀၀ ကျပ် လှူဒါန်းသည်။
၁၉၄၃ - ၄၅ - ၁၉၄၃မေ(၁)မှစ၍ ၁၉၄၅ဧပြီ(၃၀)ထိ၊ ဂျပန်ခေတ် ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ အဖြစ် တာဝန်ပေးခြင်းခံရသည်။
၁၉၄၅ - မြန်မာနိုင်ငံ ခရစ်ယာန်စာပေအသင်း ညွှန်ကြားရေးမှူး ဖြစ်သည်။
၁၉၄၇ - ရန်ကုန်တက္ကသိုလ်က အငြိမ်းစားလစာငွေ ၇၀၀ကျပ် အပြင် မြန်မာစာပေနှင့် ပါဠိစာပေ ပါမောက္ခတာဝန်ထမ်းဆောင်စဉ် မြန်မာစာပေတိုးတက်ရေး အစဉ်တစိုက် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဂုဏ်ပြုငွေ လစဉ်၅၀၀ကျပ် ချီးမြှင့်ခံရသည်။
၁၉၄၇ - ၄၈ - သက်ကြီးတက္ကသိုလ်တွင် ပထမဦးဆုံး ကျောင်းအုပ်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသည်။
၁၉၄၈ - သြဂုတ်(၁)မှ ၁၉၅၀ မေ(၃၀)ထိ ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါဠိပါမောက္ခအဖြစ်ခန့်အပ်ခံရသည်။ ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေး ဌာန၏ အကြံပေးအဖွဲ့ဥက္ကဌ ဖြစ်သည်။
၁၉၄၉ - သြဂုတ်(၃၀) ပညာရှင်(၂၉၂)ဦးပါဝင်သော မြန်မာနိုင်ငံ ဘာသာပြန် သုခမိန်အဖွဲ့ဥက္ကဌအဖြစ်လည်း ကောင်း၊ မြန်မာ့စွယ်စုံကျမ်း စီစဉ်ရေးအဖွဲ့ ဥက္ကဌအဖြစ်လည်းကောင်း ဆောင်ရွက်သည်။
၁၉၅၀ - မြန်မာနိုင်ငံ သုတေသနအသင်း ဥက္ကဌ ဖြစ်သည်။
၁၉၅၁ - သုတေသနအသင်း ဒု-ဥက္ကဌ။ မြန်မာဝါကျဖွဲ့ ထုံးကျမ်း ကို ဘာသာပြန်စာပေအသင်းကထုတ်ဝေသည်။
၁၉၅၂ - ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်(L.L.D)ပါရဂူဘွဲ့ ချီးမြှင့်ခံရသည်။
၁၉၅၅ - ကျောင်းသုံးမြန်မာသဒ္ဒါကို အထက်တန်းများအတွက် ရည်ရွယ်ရေးသား၍ ဘာသာပြန်စာပေ အသင်းက ထုတ်ဝေသည်။ မြစေတီကျောက်စာကို မြန်မာပြန်တည်းဖြတ်၍ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ဝေ။ ရွှေ စည်းခုံ မွန် ကျောက်စာမြန်မာပြန်တည်းဖြတ်ထုတ်ဝေသည်။ အလယ်တန်းမြန်မာသဒ္ဒါကို ဘာသာပြန်အသင်းက ထုတ်သည်။
၁၉၅၇ - ကျန်စစ်သားမင်းတရားကြီး၏ ခုန်းတော်မွန်ကျောက်စာကို မြန်မာပြန်ဆိုတည်းဖြတ်၍ ယဉ်ကျေးမှုဝန်ကြီးဌာန။ အောက်တိုဘာ (၅)ရက်တွင် အမေရိကန်ပြည် ချီကာဂိုတက္ကသိုလ် ခရစ်ယာန်သမ္မာကျမ်းစာဌာန၌ ဗုဒ္ဓတရား သင်ကြားပို့ချရန် ရန်ကုန်မှထွက်ခွာ။ ဘာသာလောကကျမ်းကို ဘာသာပြန်စာပေအသင်းက ပုံနှိပ် ထုတ်ဝေသည်။
၁၉၅၉ - ဇန္န၀ါရီ(၂)ရက်တွင် ကျန်မာရေး အခြေအနေကြောင့် မြန်မာပြည်ပြန်လာသည်။ တန်းမြင့်သဒ္ဒါနှင့် အသုံး အနှုန်းကိုကို ဘာသာပြန်အသင်း ကထုတ်ဝေသည်။ မေလတွင် မလေးရှားနိုင်ငံ၊ ကွာလာလန်ပူမြို့၌ ကျင်းပသော အာရှ ခရစ်ယာန် ကောင်စီကွန်ဖရင့် သို့ တက်ရောက်သည်။ ယဉ်ကျေးမှု ၀န်ကြီးဦးချစ်သောင်း ဦးဆောင်သော ယဉ်ကျေးမှုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တရုတ်ပြည်သို့သွားရောက်သည်။
၁၉၆၀ - Prayer and Meditation (ဆုတောင်းခြင်းနှင့် ဘာဝနာ)စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစု၍ မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီက ထုတ်ဝေသည်။ ဖေဖော်ဝါရီ(၁၆)မှ ၁၉၆၄-အောက်တိုဘာ(၁၃)ထိ သမိုင်းကော်မရှင် ဥက္ကဌ ဖြစ်သည်။ မြန်မာနိုင်ငံ သုတေသနအသင်းဥက္ကဌ။ ဇမ္ဗူဒီပဥဆောင်းကျမ်းကို ဒေါက်တာ ဂျေအက်စ်၊ဖါနီမယ်နှင့်တွဲ ဖက်တည်းဖြတ်ကာ မြန်မာနိုင်ငံသုတေသနအသင်းက ပုံနှိပ်ထုတ်ဝေသည်။
၁၉၆၁ - မေလတွင် ရန်ကုန်တက္ကသိုလ်မြန်မာစာဌာန၌ ဂုဏ်ထူးဆောင်မြန်မစာပါမောက္ခအဖြစ် တာဝန်ပေး အပ်ခံရ။ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဆိုင်ရာ ပြဿနာအချို့စာအုပ်ငယ်ကို မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီ မှ ထုတ်ဝေ။ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာနှိုင်းယှဉ်လေ့လာချက်စာအုပ်ငယ်ကိုလည်း ထုတ်ဝေသည်။
၁၉၆၂ - ဗီးဂျီရှာဗန်၏ဓမ္မဟောင်းဖတ်နည်းကိုမြန်မာပြန်ထုတ်ဝေ။ ရွှေတောင်နန္ဒမိတ်၏ စလင်းမင်းမောင် ပေါင်းချောင်ဧချင်း ကိုတည်းဖြတ်ထုတ်ဝေသည်။
၁၉၆၃ - ဒီဇင်ဘာတွင် ပညာရေးဝန်ကြီးဌာန မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်အဖွဲ့ဥက္ကဌ ဖြစ်သည်။
၁၉၆၄ - ဗုဒ္ဓဘာသာဆုတောင်းပုံနှင့် ဘာဝနာပွားပုံ အင်္ဂလိပ်လိုစာအုပ်ကို လန်ဒန်(S.P.C.K)က ပုံနှိပ်ထုတ်ဝေသည်။
၁၉၆၆ - ဧပြီတွင် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသနှင့် အနတ္တတရားတော် ဆွေးနွေးခဲ့သည်။
၁၉၆၈ - မေ(၁၁)တွင် အသက်(၈၀)ပြည့် အထိမ်းအမှတ် ကန်တော့ပွဲ သုတေသနအသင်းကကြီးမှုး၍ တက္က သိုလ်ဓမ္မာရုံတွင် ကျင်းပသည်။
၁၉၆၉ - မြန်မာဝတ္ထုသမိုင်းအစနှင့် သုတေသနစာတမ်းများစာအုပ် စိန်ပန်းမြိုင်စာပေက ထုတ်ဝေ။ မန္တလေး မြို့ ကယ်လီဘုရားကျောင်း ခရစ်ယာန်ကွန်ဖရင့်တွင် ဗုဒ္ဓဘာသာဆိုင်ရာမဂ္ဂင်ရှစ်ပါး အကြောင်း ဟောပြောသည်။
၁၉၇၀ - ဒီဇင်ဘာတွင် လန်ဒန်ပါဠိအသင်းကြီး၏ မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံမှ ပါဠိအဌကထာ အုပ်ရေ(၅၀)ကို အင်္ဂလိပ်ဘာသာပြန်ဆိုရေးအဖွဲ့၌ အယ်ဒီတာအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဗုဒ္ဓ၀ံသအဌကထာကို ကုသိုလ်ဖြစ် ဘာသာပြန်ဆိုရန် တာဝန်ယူခဲ့သည်။
၁၉၇၂ - လန်ဒန်ပါဠိအသင်းဥက္ကဌ ဒေါက်တာမစ္စအိုင်ဘီဟောနာအားဂုဏ်ပြုထုတ်ဝေမည့် အထူးထုတ်စာစောင် အတွက် ထေရ၀ါဒဗုဒ္ဓဘာသာစာတန်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့။
၁၉၇၃ - ဖေဖော်ဝါရီ(၂၀)တွင် လယ်တီဆရာတော် မြန်မာပြန်ဓမ္မစက္ကပ၀တ္တနသုတ်နှင့် အနတ္တလက္ခဏသုတ် ကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး (ယင်းစာမူကို ၁၉၇၈တွင် ပါဠိ၊မြန်မာ၊အင်္ဂလိပ်(၃)ဘာသာဖြင့် ပုံနှိပ်။ ၁၉၉၃တွင် ဒု-အကြိမ်ရိုက်နှိပ်)။
၁၉၇၃ - မတ်လ(၂၂)ရက်၊ ကြာသပတေးနေ့ နံနက့်အသက်(၈၅)နှစ်အရွယ်တွင် ကွယ်လွန်။ (မကွယ်လွန်မီ-မောင်ထောင်သာသနာပိုင်ဆရာတော်၏ ရွှေတိဂုံဆံတော်ရှင်ဘုရားရှိခိုးထောမနာ ၁၂့ဂါထာ နှင့် ပထမရွှေကျင် ဆရာတော်ဘုရားကြီး၏၀ိစိတြ၀န္ဒနာ ဘုရားရှိခိုးဂါထာ(၇၅)ဂါထာအနက် (၅၅)ပုဒ် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုပြီး ခဲ့။

ပထမ ပါမောက္ခ

ဦးဖေမောင်တင်သည် မြန်မာနိုင်ငံ ပထမ ပါမောက္ခ ဖြစ်သည်။ အသက် ၂၄ နှစ် အရွယ်တည်းက ပါမောက္ခဖြစ်ခဲ့သော ဦးဖေမောင်တင်သည် ငယ်စဉ်တည်းက မြန်မာတနိုင်ငံလုံးတွင် ပထမဆု နှင့် စကောလားရှစ်များရခါ ပညာထူးချွန်ခဲ့သည် ။ မြန်မာ့ယဉ်ကျေးမှု နှင့် ဓလေ့ထုံးစံကို မြတ်နိုးသောကြောင့် နိုင်ငံခြားဝတ်စုံကို ၀တ်ဆင်သော နိုင်ငံခြားသား ပါမောက္ခအများအပြားကြားတွင် ပုဆိုးတောင်ရှည် ၊ ရင်ဖုံးအင်္ကျီ၊ ခေါင်းပေါင်းတို့ကို ၀တ်ဆင်ပြီး စာသင်လေ့ရှိသည် ။ ပညာပိုင်းအရ ထူးချွန်သည့်အပြင် စာအသင်အပြလည်း ကောင်းသောကြောင့် ကောလိပ်ကျောင်းသားများ သာမက နိုင်ငံခြားသား ပါမောက္ခများ၏ လေးစားခြင်းကိုပါ ခံခဲ့ရသည်။
ဘီ-အေ အောင်သောနှစ်က စုစုပေါင်း ဘီအေအောင်သူ ၉ ယောက်သာရှိခဲ့သည် ။ ထိုအခါ ပညာတတ်များအလိုရှိသော ဗြိတိသျှအစိုးရက အိမ်တိုင်ရာရောက် လိုက်ခေါ်ပြီး ရာထူးကြီးများ ပေးအပ်သော်လည်း ဆရာကြီး ဦးဖေမောင်တင်က စိတ်မ၀င်စားခဲ့ချေ ။ အစိုးရ အထက်တန်းကျောင်းတွင် တစ်နှစ်ခန့်ဆရာဝင်လုပ်ပြီးမှ ပါမောက္ခအလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည် ။
ရန်ကုန်ကောလိပ်တွင် ပါမောက္ခလုပ်နေစဉ်တွင်လည်း မြန်မာကျောင်းသားများဘက်မှ အမြဲရပ်တည်ပေးခဲ့သည် ။ ရန်ကုန်တက္ကသိုလ် တည်ထောင်ပေးရန် ရှေ့တန်းမှ တောင်းဆိုခဲ့သည် ။ ကျောင်းသားခေါင်းဆောင်များကို အရေးယူခိုင်းသောအခါ သူတို့သည် အစိုးရကို ဆူပူခြင်းသာဖြစ်သည် ၊ ကျောင်းနှင့်မဆိုင်ဟုဆိုခါ အရေးယူဖို့ ရဲရဲတင်းတင်းငြင်းဆန်ခါ ၊ ကျောင်းသားများဘက်မှ ရပ်တည်ပေးခဲ့သည် ။ ထို့အပြင် တို့ဗမာအစည်းအရုံးကိုလည်း တိတ်တဆိတ် အားပေးခဲ့သေးသည် ။ နိုင်ငံချစ်စိတ်အပြည့်ရှိသော ဆရာကြီးသည် “ယူနီဗာစတီ” ဟူသော အသုံးအနှုံးကို “တက္ကသိုလ်” ဟု ပြောင်းလဲခေါ်ဝေါ်နိုင်ရန် လုပ်ဆောင်ခဲ့သည် ။ မြန်မာတိရစ္ဆာန်ရုံရှိ တိရစ္ဆာန်များအား မြန်မာဝေါ်ဟာရနှင့် ခေါ်နိုင်ခြင်းမှာလည်း ဆရာကြီး၏ ကြိုးပမ်းမှုကြောင့်ဖြစ်သည် ။
အင်္ဂလန် ပြင်သစ် စသောနိုင်ငံများသို့ သွားရောက်ခဲ့စဉ် သူတို့ ဘာသာစကား ဓလေ့ထုံးစံကို တလေးတစား အလေးထားကြသည်ကို မြင်တွေ့ပြီး မြန်မာနိုင်ငံတွင် မြန်မာစာပေ မြန်မာ့ယဉ်ကျေးမှု မျက်နှာငယ် ညှိုးရော်နေသည်ကို မကြည့်ရက်နိုင်ဖြစ်လာခဲ့သည် ။ ထို့ကြောင့် တက္ကသိုလ်တွင် မြန်မာစာဌာန ရှိရန် ၊ တက္ကသိုလ်ရှိ ဥပဇာတန်း ၊ ၀ိဇ္ဖာတန်း ၊ ဂုဏ်ထူးတန်း ၊ မဟာဝိဇ္ဖာတန်းတို့တွင် မြန်မာစာပေ သင်ကြားရန် ဆောင်ရွက်ခဲ့သည် ။ ထိုသို့ကြိုးပမ်းရာတွင် မြန်မာစာဟောင်း ပေဟောင်းများကို ကိုယ်တိုင်လေ့လာစည်းပူး စုဆောင်း၍ ၊ မြန်မာစာပေလောကတွင် ထူးချွန်သော လူတော်များနှင့် ပူးပေါင်းခဲ့သည် ။ မြန်မာစာတမ်း စာအုပ်စာပေ ကျောင်းသုံးစာအုပ်များကိုလည်း ကိုယ်တိုင်ရေးသားခဲ့သည် ။ အစိုးရကျောင်းများတွင်လည်း မြန်မာ့စာပေကို နောင်လာနောက်သားများ လေ့လာစည်းပူးနိုင်ရန် ဦးသြဘာသ၏ ဝေဿန္တရာဇာတ် ၊ ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည် ၊ ဦးခ၏ ချွေတာခြင်း စသည်တို့ကို ရဲဝံ့စွာ ပြဌာန်းပေးခဲ့သည် ။ ခရစ်ယာန်သာသနာပြုကျောင်းများက ထိုသင်ရိုးညွှန်းတန်းများကို အတိုက်အခံပြုသောအခါ ၊ ကိုယ်တိုင် ခရစ်ယာန်ဘာသာဝင်ဖြစ်သော ၊ ဘက်လိုက်မှုကင်းသော ၊ အမှန်တရားကိုသာ အလေးထားသော ဆရာကြီးက အောက်ပါအတိုင်း ဖြေကြားခဲ့သည်။
“ဗုဒ္ဓဘာသာ တိုင်းပြည်မှာ လာနေတဲ့အတွက် ဗုဒ္ဓဘာသာအကြောင်း သင်ရတာ အလွန်သဘာဝကျပါတယ် ။ ကျေးဇူးတင်ဖို့တောင် ကောင်းပါသေးတယ်”
ဗြိတိသျှအာဏာပိုင်များက ပို့၍ အောက်စဖို့ တက္ကသိုလ်တွင် သွားရောက်ပညာသင်ကြားစဉ် ၊ လူအများ မအောင်မြင်နိုင်ဟု ထင်သော အလွန်ခက်ခဲနက်နဲလှသည့် ကျမ်းနှစ်စောင်ကို ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ခဲ့သည် ။ ထိုသို့ ကျမ်းများကို ဘာသာပြန် ဆိုရာတွင် အလွန်ထူးချွန်သောကြောင့် နိုင်ငံခြားသားများက ဆရာကြီးအား “သူတော်စင်” ၊ “ပါဠိဒေ၀ီ” ဟု ချီးမွန်းခေါ်ဝေါ်သည့်အပြင် ၊ ယိုးဒယားဘုရင်ကလည်း ဆု ရွှေဒင်္ဂါး ပေါင် တစ်ထောင် ချီးမြင့်ခဲ့သည် ။ ဂျာမန်လူမျိုးတဦးသည် ဆရာကြီး ဘာသာပြန်ထားသော ကျမ်းကို ကိုးကား၍ ဂျာမန်ဘာသာသို့ ပြန်ဆိုနိုင်ခဲ့သည် ။
ဆရာကြီးသည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်ရေးကိုလည်း အထူးလိုလားသည် ။ မြန်မာစာပေကို တိုင်းရင်းသားများထံ ပြန့်ပွားအောင် ဆောင်ရွက်ခြင်း ဖြင့် အချင်းချင်း နားလည်မှု ၊ ရင်းနှီးမှု ၊ ချစ်ခင်မှု ၊ သွေးစည်းမှုတို့ ရနိုင်မည်ဟုလည်း ယုံကြည်ခဲ့သည် ။ [1]

ထင်ရှားသောစာအုပ်အချို့

  1. မြန်မာစာပေသမိုင်း
  2. မြန်မာဝတ္ထုသမိုင်းအစနှင့် သုတေသနစာတမ်းများ
  3. ဘာသာလောကကျမ်း
  4. မြန်မာဝါကျဖွဲ့ထုံးကျမ်း
  5. ကျောင်းသုံးမြန်မာသဒ္ဒါ
  6. ၀ိသုဒ္ဓိမဂ်အင်္ဂလိပ်ဘာသာပြန်
  7. အခြေပြုပါဠိသဒ္ဒါ
  8. ပါဠိဖတ်စာ[2]--Mayor mt 13:12, 5 မတ် 2009 (UTC)

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ